- Horror
The Body (2012)
ချမ်းသာကြွယ်ဝပြီး အာဏာရှိသည့် စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးကြီး မေကာ (Belén Rueda) သည် ရုတ်တရက် နှလုံးရပ်ပြီး သေဆုံးသွားခဲ့သည်။ ဒါပေမဲ့ ထိုညမှာပင် အလောင်းပြင်ခန်းအတွင်းမှ သူမ၏ ရုပ်အလောင်းသည် ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ပြီး အလောင်းပြင်ခန်း ညစောင့်ဝန်ထမ်းသည်လည်း တစ်စုံတစ်ခုကို ထိတ်လန့်တကြား ထွက်ပြေးရင်း ကားတိုက်မှုဖြစ်ကာ သတိလစ်သွားခဲ့သည်။ ဒီထူးဆန်းလှသည့် အမှုမှန်ကို စုံစမ်းရန် စုံထောက်ကြီး ဟိုင်မီ (José Coronado) ရောက်ရှိလာပြီး မေကာ့ထက် အသက်ငယ်သည့် ခင်ပွန်းဖြစ်သူ အဲလက်စ် (Hugo Silva) ကို ခေါ်ယူစစ်ဆေးပါတော့သည်။ တကယ်တော့ အဲလက်စ်သည် ကောင်မလေးတစ်ဦးနှင့် ဖောက်ပြန်နေပြီး ဇနီးဖြစ်သူ၏ အမွေကို လိုချင်သဖြင့် သူမကို အဆိပ်ကျွေး သတ်ခဲ့ခြင်း ဖြစ်သည်။ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည့် ထိုညတစ်ညတာအတွင်း အလောင်းပြင်ခန်းထဲတွင် မေကာ သုံးလေ့ရှိသည့် ရေမွှေးနံ့များ၊ သူမ ချန်ထားခဲ့ပုံရသည့် သဲလွန်စများနှင့် ထူးဆန်းသော ဖြစ်ရပ်များ ဆက်တိုက်ဖြစ်ပွားလာသောအခါ... ဇနီးဖြစ်သူသည် တကယ်ပဲ မသေသေးဘဲ မိမိကို ကလဲ့စားချေရန် ပြန်လာတာလားဆိုပြီး အဲလက်စ်တစ်ယောက် သံသယစိတ်များဖြင့် ရူးမတတ် ဖြစ်လာပါတော့သည်။ ဇာတ်ရှိန်တက်လာသည်နှင့်အမျှ မမျှော်လင့်ထားသည့် အလှည့်အပြောင်း (Plot Twist) ပေါင်းများစွာဖြင့် ပရိသတ်ကို ပါးစပ်အဟောင်းသား ဖြစ်စေမည့် ဂန္ထဝင် စပိန်သည်းထိတ်ရင်ဖို မူခင်းရုပ်ရှင်ကောင်း ဖြစ်သည်။