- Drama
Genius
Maxwell Perkins ဟာ နာမည်ကျော် အမေရိကန်စာရေးဆရာကြီးများဖြစ်တဲ့ The Great Gatsby ကို ရေးသားခဲ့သူ F. Scott Fitzgerald နဲ့ စာပေနိုဘယ်ဆုရှင် Ernest Hemingway တို့ကို တွေ့ရှိစင်တင်ပေးခဲ့သူ အယ်ဒီတာတစ်ဦးဖြစ်ပြီး ၁၉၂၉ ရဲ့ တစ်ခုသောနေ့မှာ သူ့ဆီကို စာမျက်နှာပေါင်း တစ်ထောင်ကျော်တဲ့ စာမူတစ်ထပ်ကြီး ရောက်လာပါတယ်။ အဲဒီစာမူပိုင်ရှင်က Thomas Wolfe ဆိုတဲ့ မထင်မရှား လူငယ်စာရေးဆရာတစ်ဦးဖြစ်ပြီး Maxwell ကလည်း စာမူကို အကြမ်းသဘော ဖတ်မိရာကနေ တစ်ပတ်တာလုံးလုံး ဇနီးနဲ့သမီးတွေကိုတောင် ဂရုမစိုက်အားဘဲ စာမူကို လက်ကမချစတမ်း ဖတ်ရှူမိပါတော့တယ်။ နောက်ဆုံးမှာ Maxwell ဟာ Thomas Wolfe နဲ့ တွေ့ဆုံပြီး ဒီစာမူကို စာအုပ်အဖြစ်ထုတ်ဝေဖို့ စာချုပ်ချုပ်လိုက်ရာကနေ “Look Homeward, Angel” ဆိုတဲ့ စာအုပ်ဖြစ်လာပြီး Thomas Wolfe ဟာလည်း အမေရိကန်စာပေသမိုင်းမှာ အရေးပါဆုံး စာရေးဆရာတစ်ဦး ဖြစ်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာလည်း Maxwell နဲ့ Thomas တို့အကြားမှာလည်း ထူးခြားလေးနက်တဲ့ ဆက်ဆံရေးမျိုးနဲ့ မမေ့နိုင်စရာ အဖြစ်သနစ်တွေ ပေါ်ပေါက်လာပါတော့တယ်။ ဒီဇာတ်ကားကို တိုနီဆုရ ဒါရိုက်တာ Michael Grandage ရိုက်ကူးထားပြီး ဉာဏ်ကြီးရှင် အယ်ဒီတာလို့ လူသိများတဲ့ Maxwell Perkins နဲ့ ဉာဏ်ကြီးရှင် စာရေးဆရာလို့ ထင်ရှားတဲ့ Thomas Wolfe တို့နှစ်ဦးအကြားက မတူကွဲပြားတဲ့ အယူအဆတွေနဲ့ လေးနက်တဲ့ ဆက်ဆံရေးအပြင် သူတို့မိသားစုတွေအပေါ် သက်ရောက်လာတဲ့ အကျိုးဆက်တွေကို ဖွဲ့ဆိုတင်ဆက်ထားတဲ့ Drama/History ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ အက်ဖ်စကော့ ဖစ်ဂျရယ်နဲ့ အားနက်စ်ဟဲမင်းဝေးတို့နဲ့ အဲဒီခေတ် အမေရိကန်စာပေလောကကိုလည်း တစေ့တစောင်း မြင်တွေ့နိုင်ပါသေးတယ်။ Maxwell အဖြစ် Collin Firth ၊ Thomas Wolfe အဖြစ် Jude Law ၊ Thomas ရဲ့ အတူနေချစ်သူအဖြစ် Nicole Kidman ၊ Scott Fitzgerald အဖြစ် Guy Pearce ၊ Ernest Hemingway အဖြစ် Dominic West တို့လို နာမည်ကျော် သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ ဒရာမာ နှစ်သက်သူတွေ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။